BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, August 11, 2010

ရမသွာန်လမြတ်အကြောင်း

ရိုဇာဟ် ဥပုသ်စောင့်ထိန်းခြင်း


"အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌ ရိုဇာဟ် ဥပုသ်စောင့်ထိန်းသူ၏ ဂုဏ်အဆင့်သည် အလွန်တရာပင် မြင့်မားလှပေသည်.. "

"အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုသက်သက်ကိုရှေးရှု၍ အကျိုး ဆဝါဗ် ကိုမျှော်ကိုးလျက် ရမသွာန် ၏ ရိုဇာဟ်ကိုစောင့်ထိန်း၏။ ထိုသူ၏ အတိတ်က အပြစ်များကို ခွင့်လွှတ်တော်မှုမည် ဖြစ်၏ .. "

"ရိုဇာဟ်စောင့်ထိန်းသူ၏ ပါးစပ်မှထွက်သော အနံ့အသက်သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ ကတိုးအနံ့ထက်ပို၍ မြတ်နိုးဖွယ်ရာဖြစ်ပေသည် .. "

"ကိယာမတ် နေ့တွင် ရိုဇာစောင့်ထိန်းသူတို့သည် ရိုဇဟ် ၏ ကြီးမားလှစွာသော အကျိုးဆုလာဘ်တော်များကိုရရှိကြမည် ဖြစ်သည်.. "

ရမသွာန် လ၏ပညတ်ချက်များ

၁) လမြတ် ရမသွာန် ၏ ရိုဇဟ် သည် ရူးသွပ်သူ နှင့် အရွယ်မရောက်သေးသူမှအပ အခြား မူစလင် တိုင်းအပေါ်၌ ဖရ်သွ် မလုပ်မနေရ တာဝန်ဖြစ်သည်။

၂) ဖဂ်ျရ် ဝင်ရောက်လာပြီး အချိန်မှစ၍ နေဝင်သည်အချိန်အထိ ရိုဇဟ် ၏ နီယတ်ဖြင့်စားခြင်း၊ သောက်ခြင်း နှင့် ကာမစပ်ယှက် မှု စွန့်လွှတ်ခြင်း ကို ယှရီအတ် တွင် ရိုဇာ ကိုခေါ်သည်။

၃) နှုတ်ဖြင့် နီယတ် ပြုခြင်း၊ တစ်စုံတစ်ရာကို မြွက်ဆိုခြင်းစသည်တို့ပြုလုပ်ရန်မလိုအပ်ချေ။ စိတ်အတွင်း၌ "ယနေ့ငါသည် ရိုဇာဟ် နှင့်ဖြစ်သည် " ဟု ရည်စူးလျက် တစ်နေ့လုံး တစ်စုံတစ်ရာ မစားမသောက် မေထုံမှု မပြုပဲ နေလိုက်လျှင် ရိုဇာဟ် အထမြောက်လေသည်။

၎) အကယ်၍ တစ်ဦးတစ်ယောက်သည် နံနက်မှ မိုးချုပ် သည်အထိ တစ်နေကုန် မစားမသောက်ပဲ နေခဲ့သည်။ စိတ်ထဲ၌ ရိုဇဟ် ကို ရည်စူးခြင်းမရှိ။ မဆာသဖြင့် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် မစားမသောက်ခြင်းဖြစ်သည်။ ထိုအခါ ထိုသူ၏ ရိုဇဟ် သည် အထမမြောက်ချေ။ အကယ်၍ စိတ်ထဲ၌ ရိုဇာဟ် ၏ နီယတ် ပြုလိုက်လျှင် သူ၏ ရိုဇဟ် သည် အထမြောက်လေသည်။

၅) ယှရီအတ် တရားတော်အရ ရိုဇဟ် ၏ အချိန်သည် နံနက်အရုဏ်တက်ချိန်မှ စတင်လေသည်။ ထို့ကြောင့် အရုဏ်တက်ချိန် မရောက်မချင်း စားခြင်း သောက်ခြင်းစသည်တို့ပိုင်လေသည်။

၆) လမြတ်ရမသွာန်တွင် ညဥ့်အချိန်၌ ရိုဇဟ် ၏ နီယတ် ပြုလျှင်လည်း ဖရ်သွ် တာဝန်ကျေသွားလေသည်။ အကယ်၍ ညဥ့်အချိန် ရိုဇဟ် ထားရန်မရည်ရွယ် နံနက်မိုးလင်းသောအခါလည်း ယနေ့ရိုဇဟ် မထားတော့ဘူးဟုကြံရွယ်ခဲ့၏။ နေအတော်ကလေးမြင့်လာသော အခါ (နေမွန်းမတည့်ခင် တစ်နာရီအလိုအထိ) ဖရ်သွ် ရိုဇဟ် လွတ်ခြင်းမကောင်းဟု စဉ်းစားကာ နီယတ် ချည်လိုက်လျှင် ရိုဇဟ်အထမြောက်လေသည်။ သို့ရာတွင် နံနက်အချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် နီယတ် မပြုအပ်၊ ရိုဇဟ် မပိုင်တော့ချေ။

စဲဟ်ရီစားခြင်းနှင့် အိဖ့်တွာရ်ပြုခြင်း (ဝါဝင် ဝါထွက် အစား စားသောက်ခြင်း)

၁) စဲဟ်ရီ စားသောက်ခြင်းသည် စုန္နတ်ဖြစ်လေသည်။ အကယ်၍ စွံပလွံသီး ၂ လုံး ၃ လုံးခန့်ဖြစ်စေ၊ သို့မဟုတ် အခြားအစားအစာ တစ်ခုခု အနည်းငယ်ဖြစ်စေ၊ သို့မဟုတ် ဘာတစ်ခုမျှမစားသောက်ချင်လျှင်လည်း ရေအနည်းငယ်ဖြစ်စေ စားသောက်ရမည်။

၂) စဲဟ်ရီ စားသောက်ရာတွင် အတတ်နိုင်ဆုံး အချိန်ဆွဲဆိုင်းငံ့၍ စားလျှင် ကောင်း၏ .. ။ သို့ရာတွင် အရုဏ် တက်လာပြီး ရိုဇဟ် ပိုင်မည် မပိုင်မည် ဟု သံသယဖြစ်လာသည်အထိ နောက်ကျမခံရ။

၃) အကယ်၍ ညဥ့်အချိန်တွင် စဲဟ်ရီ စားရန် အိပ်ရာမှမနိုးပဲ အားလုံးအိပ်ပျော်နေကြသဖြင့် စဲဟ်ရီမစားဖြစ်သော်ငြားလည်း နံနက်တွင် ရိုဇဟ် ထားလိုက်ရပေမည်။ စဲဟ်ရီ လွတ်သွားသည့်အတွက် ရိုဇဟ် ကိုလွှတ်လိုက်ခြင်းသည် ကြီးလေးသော ဂုနာဟ် ထိုက်လေသည်။

၎) မိုးလင်းလေပြီဟု သံသယဝင်ဖွယ်ရှိသည်ခန့်မျှ အချိန်နောက်ကျသွားလျှင် စားသောက်ခြင်းမပိုင်တော့ချေ။ မက်ရူးဟ် ဖြစ်သည်။ ထိုသို့သောအချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် ဂိုနာဟ် ဖြစ်လေသည်။ တစ်ဖန်မိုးလင်းနေပြီ ဖြစ်သောကြောင့် ထိုရိုဇဟ် ၏ ကသွာ ကိုထားရမည်။

၅) နေလုံးသည် လုံးဝဝင်သွားလေပြီဟု အတိအကျသိလျှင် သိချင်း ဝါဖြေလိုက်ခြင်း သည် မုစ့်တဟဗ် ဖြစ်လေသည်။ နေဝင်ပြီးနောက်ဝါဖြေရာတွင် အချိန်နောက်ကျခံခြင်းသည် မက်ရူးဟ် ဖြစ်လေသည်။

၆) စွံပလွံသီးဖြင့် ဝါဖြေခြင်းသည် မွန်မြတ်လှပေသည်။ သို့မဟုတ် အခြား ချိုမြသော ပစ္စည်းတစ်ခုခုဖြင့် ဝါဖြေရမည်။ အကယ်၍မလွယ်က ရေနှင့်ဖြေရမည်။ အချို့ယောက်ျား မိန်းမတို့သည် ဆားခဲဖြင့် ဝါဖြေလေ့ရှိကြသည်။ ထိုသို့ဝါဖြေရာတွင် အကျိုးဆဝါဗ် ရှိသည် ဟု ထင်မှတ်ယုံကြည်ကြသည်။ ဤကဲ့သို့အယူထားခြင်းသည် လုံးဝမှားယွင်းသည်။

၇) နေဝင်ရာတွင် သံသယရှိသမျှကာလပတ်လုံး ဝါဖြေခြင်း မပိုင်ချေ။

* အစ္စလာမ့်ပညတ်ချက်များ ပေါင်းချုပ် စာအုပ်မှ *

0 comments: