BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, July 22, 2010

အစ္စလာမ် ဘာသာ

ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်သည်။အစ္စလာမ်ဆိုသည့် ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့် စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ အစ္စလာမ်သည်တစ်ဆူတည်းသောဘုရားဝါဒ ဘာသာရေး ဖြစ်သည်။ အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊ အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ် ၏ အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး ၎င်းတို့အား မွတ်စလင် ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ်သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။


(၁) အစ္စလာမ်အယူဝါဒ
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၅) တစ်မိတစ်ဖတည်း
(၆) လူတန်းစားမခွဲ
(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
(၈) “စလာမ်”မေတ္တာ
(၉) စားဝတ်နေရေး
(၁၀) မွတ်စလင်ဂုဏ်ရည်
(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသောမဟာကရုဏာရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသောအထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်ခေတ်မရွေး၊ပြည်မရွေး၊လူမျိုးမရွေး၊အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင်ငြိမ်းချမ်းသာယာမှုကိုဖန်တီးရာမည်သည်။သို့ဖြစ်ရာအစ္စလာမ်သည်ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍ မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်(صلي الله عليه و سلم)သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)တို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။
လူ့ဘဝတွင်လူရိုင်းတို့အားယဉ်ပါးစေတော်မူခဲ့သည်။လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသောသူတို့အားလူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။
တမန်တော်မြတ်(صلي الله عليه و سلم)သည်အစ္စလာမ်အယူဝါဒကိုမိမိကိုယ်တိုင်ကျင့်သုံးပြသတော်မူခဲ့သည်သာမက
စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။

(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။

(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊
တမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
(၃) ဇကားသ်ပေးလှူခြင်း။
(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။

အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ်(صلي الله عليه و سلم) ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။

(၅) တစ်မိတစ်ဖတည်း
အစ္စလာမ်အယူဝါဒအရ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများပင်ဖြစ်ကြပေသည်။ “အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည်အသင်တို့အားတစ်မိတစ်ဖတည်းမှစတင်ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အချင်းချင်း သိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာငါအရှင်မြတ်သည် အသင်တို့အားလူမျိုးအဖုံဖုံ၊မျိုးနွယ်အစားစားပြုလုပ်ထားတော်မူသည်။ ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)

(၆) လူတန်းစားမခွဲ
အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်းအပြစ်ကင်းခြင်းအားဖြင့်သာလျှင်တစ်ဦးထက်တစ်ဦးသာသည်။ ”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)

(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာမွတ်စလင် တစ်ဦးအဖို့ ကမ္ဘာ့ အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရ။ “မွတ်စလင်သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူကိုမျှဒုက္ခမပေးရ။ ကြီးသူကိုမလေးစား၊ ငယ်သူကိုမသနားသူသည် ငါ၏တပည့်မဟုတ်။ မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စလင်မဟုတ်။ အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စလင်မဟုတ်။ အသင်တို့သည် ကမ္ဘာမြေ၌ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည်အသင်တို့အား သနားကြင်နာတော်မူအံ့။” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒ)

(၈) “စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက် ရောက်ပါစေ”ဟုမေတ္တာတုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)

(၉) စားဝတ်နေရေး
အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။ လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူရှုထား၍ဖြစ်နိုင်သောကိစ္စမျိုးကား အလျင်းမဟုတ်။ စားဝတ်နေရေး အဆင်မပြေက လောကုတ္တရာရေးရာများကို မဆိုထားနှင့်၊ လောကီရေးရာများကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။ ထို့အတွက် ကုရ်အာန်ကျမ်းမြတ် (၆၂း၁၀)တွင် "အသင်တို့သည် ဆွလာသ် ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍ အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့" ဟု အတိအလင်း မိန့်ကြားထားတော်မူသည်။ တရားသဖြင့် ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(صلي الله عليه و سلم)ကလည်း “ဆင်းရဲ နွမ်းပါးမှုသည် သာသနာပဖြစ်စေတတ်သည်။ တရားသဖြင့် စီးပွားရှာဖွေခြင်းသည် မလုပ်မနေရ တာဝန်များနောက် မလွဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအား ဝ၀လင်လင် ရှာဖွေကျွေးမွေးကြကုန်။ ဤသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျီဟာ့ဒ် သက်စွန့် ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ လယ်ယာကိုင်းကျွန်းနှင့် စက်မှုလုပ်ငန်းများသည် စားဝတ်နေရေးတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့်
စပ်လျဉ်း၍လည်း တမန်တော်မြတ်(صلي الله عليه و سلم)က “အသင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည်အလွန်မင်္ဂလာရှိ၏၊တိုးပွား၏
ဟူ၍လည်းကောင်း၊ "အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သောအတတ်ပညာသည်များကိုအလ္လာဟ်အရှင်မြတ်သည်အထူးနှစ်သက်မြတ်နိုးတော်မူသည်"ဟူ၍လည်းကောင်း မိန့်တော်မူခဲ့လေသည်။ စားဝတ်နေရေးတွင် ဆူကြုံနိမ့်မြင့် အလွန်အကျွံ ကွာခြားနေပါက ဒုက္ခရောက်နိုင်သည်။ ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင် “ဥစ္စာပစ္စည်းသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသူတစ်စု၏ လက်တွင်း၌သာ စုပုံမနေရာ”ဟု အတိအလင်းမိန့်ကြားတော်မူခြင်းဖြစ်သည်။ ထို့ပြင်တဝ ကုရ်အာန်ကျမ်းမြတ်တွင် ဇကားသ်ပေးရမည့်အကြောင်း၊ အတိုးအညွန့်မစားသုံးရမည့်အကြောင်း၊ အတိုးအညွန့်စားသုံးသူများကိုတိုက်ရမည့်အကြောင်း၊ အလောင်းအစားမပြုလုပ်ရမည့်အကြောင်း၊ အပျော်အပါးမလိုက်စားရမည့် အကြောင်း၊ ခိုးဝှက် တိုက်ခိုက် လုယက်ခြင်း မပြုလုပ်ရမည့်အကြောင်း၊ မဖြုန်းတီးရမည့်အကြောင်း၊ စားဝတ်နေရေးတွင် အလယ်အလတ်လမ်းစဉ်ကို လိုက်နာရမည့်အကြောင်း၊ ခြိုးခြံစွာနေထိုင်ရမည့်အကြောင်းများကို အထပ်ထပ်အခါခါ မိန့်ကြားထားတော်မူသည်။

(၁၀) မွတ်စလင်ဂုဏ်ရည်
အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -
(၁) ယုံကြည်ချက် မှန်ကန်ရမည်။
(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။
(၃) သူတစ်ပါးအကျိုးဆောင်ရမည်။
(၄) သီလကောင်းရမည်။
(၅) ဇွဲသတ္တိရှိရမည
်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။ “အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည် ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သောသူမွန်သူမြတ်တို့ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။ ထို့ပြင် ၄င်းတို့သည် မိမိတို့ဥစ္စာ ပစ္စည်းများကို ခုံမင်ကြပါလျက် ဆွေဆင်းရဲ မျိုးဆင်းရဲများကို လည်းကောင်း၊ မိတဆိုး ဖတဆိုးများကိုလည်းကောင်း၊ ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် ဧည့်သည်များကိုလည်းကောင်း၊ လက်ဖြန့်တောင်းခံစားနေကြရှာသော သူတောင်းစားများကိုလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း လှူဒါန်းပေးကမ်း ကြသည်။ ထို့ပြင် ၄င်းတို့သည် ဆွလာသ်ဝတ်ပြုကြသည်။ ဇကားသ်ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည်ဆင်းရဲနွမ်းပါးသည့် အခါတွင်လည်းကောင်း၊ ရောဂါဖိစီးသည့်အခါတွင်လည်းကောင်း၊ စစ်မက်ဖြစ်ပွားနေကြသည့် အခါတွင်လည်းကောင်းကြံ့ခိုင်စွာရပ်တည် နေကြသည်။ ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည် သစ္စာဝါဒီများဖြစ်ကြပေသည်။ ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ရိုသေခန့်ညားသော သူမွန်သူမြတ်အားဖြစ်ကြပေသည်။ ”(ကုရ်အာန် ၂း၁၇၇)

အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ

အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။

အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။

ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သောဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။

(၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြန့်နှံ့ပုံ
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။

(သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။