BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, July 20, 2010

ကုရ်အာန်အပြင် အခြားမလိုအပ်ဟု ဆိုရာဝယ်

အစ္စလာမ် သာသနာတော်သည် ကုရ်အာန် ၊ ဟဒီးစ် ၊ အိဂ်ျမာအ် စသည့် အချက် (3)ချက် အပေါ်တွင်သာ မူတည်၍ ပြီးပြည့်စုံကြောင်း ထင်ရှားပေါ်လွင်လျက်ရှိနေ၏ ။ တမန်တော်မြတ်(ဆွ) လက်ထက်တော်မှ ယနေ့ထက်တိုင် စစ်မှန်သော အစ္စလာမ်ဘာသာဝင်တို့သည် ယင်းအချက် (3) ချက် ပေါ်တွင်သာမူတည်၍ အလ္လာ့ဟ်အရှင်မြတ်အား ခယရိုကျိုး ၀တ်ပြုဆည်းကပ်လျက်ရှိခြင်းဖြစ်၏ ။ ယင်းကဲ့သို့ ဆည်းကပ်ဝတ်ပြုခြင်းသည် အလ္လာ့ဟ် အရှင်မြတ်အား ၏ အမိန့်တော်အရ တမန်တော်မြတ် (ဆွ) ၏ လက်တွေ့ဘ၀ ကျင့်သုံးမိန့်ကြားသောခဲ့သော နည်းစနစ်များအပေါ် တစ်သွေမတိမ်း လိုက်နာဆောင်ရွက်နေခြင်း ဖြစ်ပေ၏ ။

စစ်မှန်သော မွတ်စ်လင်မ်

စစ်မှန်သော အစ္စလာမ် ဘာသာဝင်တစ်ဦးသည် အထက်ဖော်ပြပါကဲ့သို့ စစ်မှန်သော အကီဒါဟ် ခံယူချက် ထားရှိသည့် အတွက် လူ့ဘ၀ သက်တမ်းတွင် ပြစ်မှု ဒုစရိုက်များ သာပို၍ ပြုလုပ်မိခဲ့သော်လည်း အကီဒါဟ်ခံယူချက် မှန်ကန်နေ၍ မိမိသည် အမှားကျူးလွန်နေကြောင်း ၀န်ခံနားလည် သဘောပေါက်ကာ ကျူးလွန်နေမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာ့ဟ်အရှင်မြတ်သည် အဆုံးတစ်နေ့တွင် ထိုမှားယွင်းမှုအပေါ် အရှက်ကြီးစွာရစေပြီး စစ်မှန်သော သောင်ဗဟ်ပြုနိုင်စွမ်း ပေးသနားတော်မူတတ်၏ ။

ထို့ကြောင့် စစ်မှန်သော အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်စေရန်အတွက် သာသနာတော်အပေါ်တွင် ထားရှိရမည့် အကီဒါဟ် ခံယူချက်သည် မှန်ကန်ရန်အလွန်အရေးကြီး၏ ။ ကုရ်အာန်၊ ဟဒီးစ် နှင့် အိဂ်ျမာအ် အပေါ် တိကျပြည့်ဝစွာ အီမာန်သက်ဝင်ယုံကြည်ထားသော မွစ်လင်မ်တစ်ဦးအတွက် ကိစ္စရပ်တိုင်းတွင် အစ္စလာမ့် စည်းစနစ်ဖြင့်သာ ဆောင်ရွက်ရမည်မှာ မုချမလွဲပင် ။

အဘယ်မျှပင်ဆိုသော် . . .
မွစ်လင်မ် တစ်ဦးသည် ကျင်ကြီးကျင်ငယ် စွန့်ရာတွင်လည်းကောင်း၊ ဇနီးမောင်နှံ ဆက်ဆံရာတွင် လည်းကောင်း၊ ပေါင်းသင်းရာတွင်လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်း၊ သွားလာလုပ်ကိုင်စားသောက်ရာတွင်လည်းကောင်း၊ ရောင်းဝယ်မှုပြုရာတွင်လည်းကောင်း . . . စသည့် လူ့ဘ၀ သက်တမ်း၏ ကိစ္စ ရပ်တိုင်းတွင် တမန်တော်မြတ်(ဆွ) ၏ နည်းစနစ် ကျင့်ထုံးများနှင့် အညီသာ မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်၏ ။

ဟဒီးစ်နှင့် အိဂ်ျမာအ်

သို့သော်ယခုခေတ်သမယ၏ အချို့သူများသည် မိမိကိုယ်မိမိ မွစ်လင်မ်ဟု အမည်ခံပြီး သာသနာပေါ်တွင် အလွယ်လိုက်မှုများ ပြုလုပ်လိုပါ၍ အထက်ဖော်ပြပါ ဟဒီးစ်နှင့် ဖကီးဟ် အများစု၏ ဓမ္မသတ် ဆုံးဖြတ်ချက် အိဂ်ျမာ ကို အကြောင်းအမျိုးမျိုးပြကာ မလိုအပ်ကြောင်း ပြောဆိုလျက်ရှိနေ၏ ။

ကုရ်အာန်ကျမ်းတော်မြတ်တွင် အချို့အသေးစိတ်ရှင်းလင်းချက် မပါရှိ

ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်မိမိ မွတ်စလင်မ် ဟု အမည်ခံ၍ ဟဒီးစ်နှင့် အိဂ်ျမာအ် ကို ငြင်းပယ် ခဲ့လျှင် အောက်ဖော်ပြပါ မွစ်လင်မ် တစ်ဦးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စ ရပ်များ၏ အသေးစိတ်ရှင်းလင်းချက် ကုရ်အာန်ကျမ်းတော်မြတ်တွင် မပါရှိ၍ ထိုအမည်ခံမွစ်လင်မ်သည် အဘယ်သို့ ဆောင်ရွက်မည်နည်း ။ . . . .

၁ - သေသူအား ရေချိုးပေးခြင်း။
၂ - ကဖန် ၀တ်ပေးခြင်း။
၃ - ဂျနာဇဟ် နမာဇ်ဝတ်ပြုခြင်း။
၎ - မီးသဂြိ င်္ုဟ်မှု မပြုဘဲ မြေတူး၍ သင်္ဂြိုဟ် ခြင်း။
၅ - အမျိုးသားနှင့် အမျိုးသမီး ကဖန် ၀တ်ပေးရာ၌ ကွာခြားခြင်း။
၆ - ဖဂျေ်နမာဇ် အား (၄)ရကာအသ်သာ ၀တ်ပြုခြင်း။
၇ - ဇဟိုရ်တွင် (၁၂) ရကာအသ် ၀တ်ပြုခြင်း။
၈ - အဆွရ်တွင် (၈) ရကာအသ် ၀တ်ပြုခြင်း။
၉ - မဂ်ရိဘ်တွင် (၇) ရကာအသ် ၀တ်ပြုခြင်း။
၁၀ - အီရှာတွင် (၁၇) ရကာအသ် ထိ ၀တ်ပြုခြင်း။
၁၁ - ဇကားသ် ပေးရာတွင် (၄၀) ပုံ (၁) ပုံ အား ပေးလှူခြင်း။
၁၂ - ဟဂ်ျပြုရာတွင် ဟာဂျီများ ပြုကျင့်နေသော အစီအစဉ်တကျ အစမှ အဆုံးအထိ အသေးစိတ် ဟဂ်ျကျင့် စဉ် များနှင့် အခြား
မြောက်များစွာသော အသေးစိတ် အချက်အလက်များသည် ကုရ်အာန် ကျမ်းတော်မြတ်တွင် လုံးဝ မပါရှိချေ။

ကုရ်အာန်အပြင် အခြားမလိုဟု ဆိုရာဝယ်

သို့ဖြစ်ပေရာ ကုရ်အာန်ကျမ်းတော်မြတ်၏ အမိန့်တော်များအား လိုက်နာကျင့်သုံးရန်အတွက် ကုရ်အာန်အပြင် အခြားမလိုဟု ယူဆသော သူများသည် အထက်ပါ ကိစ္စ ရပ်များအား မည်သည့် အထောက်အထားဖြင့် ဆောင်ရွက်နေရပါသနည်း? ကုရ်အာန် အပြင် အခြားမလိုဟု မြွက်ဟ သူ တစ်ဦးသည် သေဆုံးကွယ်လွန်သော အခါ မည်သူ၏ နည်းစနစ် ဓလေ့ထုံးစံဖြင့် ယင်းသေသူ၏ ကိစ္စ အ၀၀ အားဆောင်ရွက်ကြမည်နည်း ?

ဟဒီးစ်ကို လက်မခံသည့် အတွက် ယင်းသူအား တမန်တော်မြတ်(ဆွ)၏ ကျင့်စဉ်ဓလေ့ ထုံးစံဖြင့်လည်း ဆောင်ရွက်စရာ အကြောင်း မရှိ။ ထိုနည်းတူစွာ ကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် . . . . .

မြွေ၊ဆင်၊ ကျား၊ ၀က်ဝံ၊ ကြံ့၊ မျောက်၊ ခြင်္သေ့ စသည့်မြောက်မြားစွာသော သတ္တ၀ါ များအား စားသောက်သုံးစွဲခြင်း နှင့်စပ်လျဉ်း၍ မည်သို့မျှ မိန့်ကြားချက် တစ်စုံတစ်ရာမပါရှိချေ။
သို့သော်လည်း ကမ္ဘာ့ မွစ်လင်မ် တစ်ခုလုံးက အထက်ပါ သတ္တ၀ါ များနှင့်စပ်လျဉ်း၍ ကုရ်အာန်တွင်ဖော်ပြထားခြင်း မရှိသော်လည်း ဟဒီးစ်နှင့် အိဂ်ျမာအ် ၏ ဓမ္မသတ် ဆုံးဖြတ်ချက်အရ ဟရာမ်ဖြစ်သည်ဟု သတ်မှတ်ထား၍ လုံးဝ စားသောက်သုံးစွဲခြင်း မပြုပေ။
ဟဒီးစ် နှင့် အိဂ်ျမာအ် အား လက်မခံသည့် မွစ်လင်မ် တစ်ဦးအနေဖြင့် အထက်ပါသတ္တ၀ါများနှင့် စပ်လျဉ်း၍ ကုရ်အာန် အပြင် မည်သည့် အထောက်အထားကိုးကားချက်ဖြင့် ဟရာမ်ဟု သတ်မှတ်ပါမည်လော . . . . . .

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မော်လာနာဂါဇီကရီမ်ဘစ်ရှ် ဦးစိုးလွင် (မဟ်မူဒီ) ၏ ကုရ်အာန် ပြီးလျှင် ဟဒီးစ် အဘယ့်ကြောင့် အရေးပါသနည်း စာအုပ်မှ ကူးယူပါသည်။

1 comments:

ALIF said...

အက်စ္စလာမ်မုအာလိုင်းယ်ကွမ် ဝ ရဟ်မသ်သုလ္လ်လာဟိ ဝ ဗာရ်ကာသုဟ်

လာရောက်လည်ပတ်လေ့လာသွားပါတယ်ခင်ဗျာ
ကျွန်တော့ကိုမျှဝေခွင့်ပြုပါနော်။
http://1alif.blogspot.com/

လေးစားရိုကျိုးစွာဖြင့် ALIF